စော်ဘွားဈေးနေ့ ဈေးဟောင်းနေ့မှာ အလုပ်တွေ အရမ်းရှုပ်နေခဲ့ရလို့ ၊ သူများတွေ ရေးခဲ့တာ တွေ့သမျှ ဆောင်းပါးလေးတွေကို ၊ ပြန်လည် ဝေမျှလိုက်ပါတယ် ။ ရသမျှ အချိန်တိုလေး အတွင်းမှာ အပြေးအလွှား ဓါတ်ပုံရိုက်ခဲ့ရပါတယ်။ ပုံတွေ မစုံလင်သည့်အတွက် အခြားသူများရဲ့ ပုံတွေကိုလည်း Credit ပေးပြီး တင်လိုက်ပါတယ်။ ဒီနေရာက နေပဲ မူရင်းဓါတ်ပုံရှင်များကို ခွင့်တောင်းလိုက်ပါတယ်။ ဒီနှစ် စော်ဘွားဈေးနေ့ဟာ အရင်နှစ်တွေနဲ့တော့ လုံးဝမတူတော့ဘူး ဆိုတာကို အောက်က ဆောင်းပါးတွေကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်။ ဒေသခံ တိုင်းရင်းသားတွေကို ၊ မိမိတို့ရဲ့ ရိုးရာဓလေ့တွေ ပျောက်ကွယ်ကုန်တော့မှာကို စိုးရိမ်လို့ ၊ ကျိုင်းတုံလူမှုကူညီရေးအသင်းနဲ့ ကုန်သည်အသင်းကြီးက ကြိုးစားအားထုတ်ခဲ့တာကို လည်း အထူးပဲ ဂုဏ်ပြုမှတ်တမ်း တင်ပါရစေ။ ရိုးရာကတ်ကောဝ်ဈေးနေ့မှာ သူတို့ရဲ့ ရိုးရာဝတ်စုံတွေ ဝတ်ဆင်လာသူတွေကို ဗလာမပါ ကံစမ်းမဲ ဖေါက်ပေးကြတာဟာ ၊ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို မြှင့်တင် ဂုဏ်ပြုချင်လို့ပါပဲ။ မိမိတို့ရဲ့ တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်လာသူတွေကို စည်တော်ကွင်းမှာ မဲလက်ဆောင် ၁,၀၀၀ လောက် နှိုက်ယူခွင့် ပေးခဲ့ပါတယ်။ စပွန်ဆာပေးခဲ့ကြတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးအထူး တင်ပါတယ်။ နောင်လာမယ့်နှစ်တွေမှာလည်း ဆက်လက်ပြီး ကူညီနိုင်ကြပါစေ ။ ကတ်ကောဝ် စော်ဘွားဈေးနေ့မှာ ယဉ်ကျေးမှု အဖွဲ့ အသီးသီးက မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှု အကများနဲ့ ကပြဖျော်ဖြေခဲ့ကြပါတယ်။ စိုင်းရှဲန် စင်တင်တေးဂီတ ၊ သံစုံတီးဝိုင်းနဲ့ ဓါတ်ပုံရိုက်ကွင်းတွေ ပြုလုပ်ပြီး သေချာလေး စီစဉ်တင်ဆက်တာကိုလည်း တွေ့မြင်ရပါတယ်။ မျက်မမြင်တိုင်းရင်းသားတို့ရဲ့ဂီတ ဖျော်ဖြေပွဲဟာလည်း အတော့်ကို စည်ကားခဲ့ပါတယ်။ နောင်လာမယ့် နှစ်တွေမှာလည်း ဆက်လက်ပြီး ယဉ်ကျေးမှုဓလေ့ ထုံးစံတွေကို ဖေါ်ဆောင်ထိမ်းသိမ်းကြဖို့ တိုက်တွန်းနှိုးဆော်ပါရစေ ခင်ဗျား ။ ။ ==================================================================== #ဈေးနေ့၊ ဈေးဟောင်းနေ့၊ စော်ဘွားဈေး။ ကျိုင်းတုံ။# #Old Market Day, Keng Tong ### ဈေးနေ့။ ဈေးနေ့တော့ ဈေးနေ့ပဲ။ ကျွန်တော်တို့ရှမ်းပြည် တောင်ကြီးဘက်မှာလို ၅ ရက်ကိုတစ်ကြိမ် အလှည့်ကျသတ်မှတ်တဲ့ ဈေးနေ့လိုမျိုးတော့ မဟုတ်ဘူး။ ဒီဈေးနေ့က တစ်နှစ်နေမှ တစ်ခါခင်းတယ်။။ နှစ်စဉ် တပေါင်းလပြည့်ကျော်လောက်မှာ ကျင်းပတယ်။ ကျိုင်းတုံမှာတော့ အဲဒီနေ့ကို ဈေးဟောင်းနေ့(၀မ်းကတ်ကောင်ဝ်)လို့ ခေါ်တယ်။ တစ်ချို့ကတော့ စော်ဘွားဈေးနေ့လို့လည်း ခေါ်ကြတယ်။ ဈေးဆိုပေမယ့် ပုံမှန်ကွင်းပြင် မြေကွက်လပ်တစ်ခုမှာ ခင်းရောင်းကြတာမျိုးလည်း မဟုတ်ဘူး။ လမ်းမတန်းလေးတစ်ခုပေါ်မှာ လမ်းတစ်လျှောက်ဆိုင်တွေ ခင်းကျင်းပြီး ရောင်းဝယ်ကြတာပါ။ ဈေးနေ့ရောက်မှ ပုံမှန်အသုံးပြုနေတဲ့ လမ်းကိုပိတ်လိုက်ပြီးတော့ ဆိုင်ခင်းကြတာ ဖြစ်တယ်။ အမေ့ကိုမေးကြည့်တော့ အမေတို့ငယ်ငယ် ကလေးဘ၀ကတည်းက ရှိခဲ့တယ်လို့ပြောတယ်။ အမေ့ငယ်ဘ၀က စော်ဘွားတွေအုပ်စိုးတဲ့ခေတ်ကိုမှီခဲ့တယ်။ ကျွန်တော့်အမေက ကျိုင်းတုံဇာတိ။ အရင်က အခုဈေးနေ့ဆိုပြီး ဈေးခင်းနေတဲ့ လမ်းပေါ်မှာ ဈေးတန်းကြီးတွေ ရှိခဲ့မယ် ထင်တယ်လို့ ပြောတယ်။ စော်ဘွားတွေက ဈေးကိုနေရာရွှေ့ပြီး ဆောက်လိုက်တော့ အထိမ်းအမှတ်အနေနဲ့ တစ်နှစ်တစ်ခါ ဈေးဟောင်းနေ့ဆိုပြီး ဒီလမ်းလေးပေါ်မှာ ဈေးဆိုင်တွေပြန်ခင်းခိုင်းပုံ ရတယ် လို့ ပြောပါတယ်။ လမ်းရဲ့နာမည်ကိုက 'ဈေးတန်းလုံ' တဲ့။ ဈေးတန်းကြီးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ကျွန်တော်ငယ်ငယ်က ခဏခဏ ကြုံဖူးနေတာကြောင့် ဒီဈေးနေ့လေးကို မှတ်မှတ်ရရ ရှိနေတယ်။ နောက်ပိုင်း ကျိုင်းတုံကို ရောက်ဖြစ်ပေမယ့် ဈေးနေ့နဲ့ မကြုံဖြစ်တာ တော်တော့်ကို ကြာသွားပြီ။ နှစ်ပေါင်း ၂၀ ကျော်ပြီပေါ့။ ဒီနှစ်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရောက်ဖြစ်သွားတယ်။ ဈေးနေ့မှာ တက်ကြွစွာနဲ့ပဲ မနက်စောစောထပြီး ကင်မရာလွယ်ပြီး ဈေးတန်းကြီးဘက်ကို လမ်းလျှောက်ပြီးတော့ပဲ ထွက်ခဲ့တယ်။ ဈေးက အမေ့အိမ်ကနေ ၅မိနစ်လောက်ပဲ လျှောက်ရတာပါ။ မနက်၇နာရီလောက် ကျွန်တော် ဈေးထဲရောက်တော့ လူတော်တော် စည်နေပြီ။ ကျိုင်းတုံ ပတ်ဝန်းကျင်ရွာတွေက တော်တော်များများ လာပြီး ရောင်းကြ၀ယ်ကြတာဆိုတော့ ဆိုင်ခန်းတွေ တော်တော်များပါတယ်။ မြို့လည် မဟာမြတ်မုနိ ဘုရားကျောင်းလောက်ကနေ ဈေးတန်းကြီးလမ်းမ တစ်လျှောက် ပါလျန်မြို့ဝင်ဂိတ်ကျော်ထိ ဈေးဆိုင်တွေ ခင်းကြတာဆိုတော့ ဆိုင်တန်းတွေရဲ့အရှည်က သုံးဖာလုံကျော် ရှိမယ်ဗျ။ ရောင်းတဲ့ပစ္စည်းတွေကတော့ တော်တော့်ကို စုံပါတယ်။ အဓိက,ကတော့ ရိုးရာမုန့်ပဲသရေစာတွေ ဖြစ်မယ်။ ကလေးကစားစရာတွေက စလို့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ သားငါး၊ မီးဖိုဆောင်သုံး၊ အိမ်သုံးပစ္စည်း၊ အ၀တ်အထည်ထိ အကုန်ရပါတယ်။ ခေါက်ဆွဲဖတ်တွေ မုန့်တီဖတ်တွေရောင်းတဲ့ အသည်တွေ တော်တော်များတယ်ဗျ။ ဒီကလူတွေက ခေါက်ဆွဲတော့ တော်တော်စားကြတယ်။ ကျိုင်းတုံက အမဲလုံးခေါက်ဆွဲနဲ့ ၀က်ခေါက်ကြော်ကတော့ နာမည်ကြီးပေါ့ဗျာ။ တရုတ်လုပ် အားပြန်သွင်းပြီး သုံးလို့ရတဲ့ မီးအိမ်တွေ ဓာတ်မီးတွေ တော်တော်ရောင်းကောင်းတာ တွေ့ရတယ်။ ကျိုင်းတုံမြို့ပေါ်တောင် ခုချိန်ထိ လျှပ်စစ်မီးက အချိန်ပိုင်းပဲရတာဆိုတော့ လေ။ လက်ဖက်ခြောက်ဆိုင်တွေ တော်တော်များ တွေ့ရတယ်။ လက်ဖက်ခြောက်တွေကို အစားစားခွဲပြီးတော့ တောင်းတွေထဲ ပုံထည့်ထားတယ်။ ကြိုက်တဲ့အမျိုးအစားကို ကြိုက်သလောက် ရွေးဝယ်လို့ရတယ်။ တပိုင်တနိုင် ကိုယ့်ခြံထွက် ဟင်းသီးဟင်းရွက်လေးတွေလောက်ပဲ လာရောင်းကြတာတွေလည်း ရှိတယ်။ ခရမ်းချဉ်သီး၊သခွားသီး၊ငရုတ်သီး၊ ကြက်သွန်စတာတွေပေါ့။ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက ဘေးမဲ့လွှတ်ဖို့ ငှက်လေးတွေကို ခြင်းကြားသေးသေးလေးထဲ ထည့်ရောင်းတာပါ။ ငှက်လွတ်မယ့်သူတွေက တစ်ခါတည်း မလွှတ်ကြဘူးဗျ။ အဲဒါလေးတွေ ၀ယ်ပြီး ကိုင်သွားကြတာ တွေ့ရတယ်။ လူတော်တော်များများ ဈေးကိုလှည့်ပတ်ကြည့်ပြီး ဈေးတန်းကြီးလမ်းပေါ်မှာပဲ ရှိတဲ့ စော်ဘွားတွေရဲ့ဂူသင်္ချိုင်းကို သွားကြပါတယ်။ ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့ နောက်ကနေ လိုက်ဝင်သွားတယ်။ အုတ်ဂူကိုလာပြီး ဂါရ၀ပြုကြသူတွေ တော်တော်များတယ်ဗျ။ ဆီမီးအမွှေးတိုင်တွေနဲ့ ကန်တော့ပြီး အုတ်ဂူတွေကို လှည့်ပတ်ကြည့်ကြတယ်။ တစ်ချို့လည်း အဲဒီမှာ ၀ယ်လာတဲ့ငှက်တွေ လွတ်ကြတာ တွေ့ရတယ်။ ဒီအုတ်ဂူတွေရှိတဲ့နေရာထဲကိုတော့ ကျွန်တော်လည်း ပထမဆုံး ၀င်ဖူးတာပါ။ ကလေးဘ၀တုန်းက ဒီနားကနေ ဖြတ်သွားရင်ကို ကြောက်စိတ်ဝင်ခဲ့မိတာ သတိရလိုက်တယ်။ ခေတ်အဆက်ဆက် ကျိုင်းတုံမြို့ကို အုပ်စိုးခဲ့တဲ့ စော်ဘွားတွေရဲ့အရိုးအိုးတွေကို မြုပ်ပြီး အုတ်ဂူတွေတန်းစီ ဆောက်ထားတယ်။ စုစုပေါင်းအုတ်ဂူ ၈ ခု ရှိတယ်။ အကြီး ၂ခု ၊ အသေး ၆ခု ရှိတယ်။ အစွန်ဆုံးအုတ်ဂူအသေးမှာတော့ အင်္ဂလိပ်စာတွေ၊ မြန်မာစာတွေ ထွင်းထားတာ တွေ့ရတယ်။ 'စ၀်စိုင်းလုံမန်ဂရိုင်း' တဲ့။ 1946-1962 ထိ ၁၆နှစ်လောက် ကျိုင်းတုံကိုအုပ်စိုးခဲ့တယ်။ ၁၉၉၇ ရန်ကုန်မှာ ကွယ်လွန်ခဲ့တယ်လို့ ရေးထားတာပါ။ ၁၉၅၉ မှာ စော်ဘွားတွေ အာဏာစွန့်ခဲ့တာကြောင့် ကျိုင်းတုံစော်ဘွားခေတ်ရဲ့နောက်ဆုံး အုပ်ချုပ်သူလို့ ပြောလို့ရတယ်။ ကျွန်တော်လည်း လှည့်ပတ်ကြည့်ပြီးတော့ အပြင်ပြန်ထွက်ပြီး ဈေးတန်းကြီးတစ်လျှောက် လျှောက်ကြည့် နေလိုက်တယ်။ နိုင်ငံခြားသားတွေ တစ်ယောက်စ နှစ်ယောက်စ တွေ့မိတယ်။ ထိုင်းတွေတော့ တော်တော်များများ တွေ့ရတယ်။ တကယ်ဆို ကျိုင်းတုံမှာ လည်ပတ်စရာ နေရာတွေများတဲ့အတွက် ဒီထက်မက ကမ္ဘာလည့်ခရီးသွားတွေ များသင့်တယ်။ ဈေးတန်းအတိုင်း ဆက်လျှောက်လာလိုက်တော့ ပါလျန်မြို့ဝင် တံခါးနား ရောက်လာတယ်။ စော်ဘွားတွေလက်ထက်မှာ မြို့ဝင်ပေါက် ဂိတ်တံခါး ၁၂ ပေါက်ရှိတဲ့ အထဲကမှ ဒီတစ်ပေါက်ကိုပဲ ခုချိန်ထိ အကောင်းအတိုင်း ထိမ်းသိမ်းထားနိုင်ခဲ့တာပါ။ ၁၈၁၉ ကတည်းက ဆောက်ခဲ့တာဆိုတော့ သက်တမ်းက နှစ် ၂၀၀ နား ကပ်နေပြီပေါ့။ ရှေးဟောင်း အမွေအနှစ်ဖြစ်တဲ့အတွက် သေသေချာချာ ထိန်းသိမ်းပြုပြင်သင့်ပါတယ်။ ဘေးပတ်ဝန်းကျင်ကို ပန်းပင်တွေနဲ့ သေချာအလှဆင်ထားပြီး မြို့ရဲ့သမိုင်းဝင်ပြကွက်တစ်ခုအနေနဲ့ ခရီးသွားတွေကို ဆွဲဆောင်သင့်ပါတယ်။ ဒီဈေးနေ့မှာတော့ တံခါးပေါက် ပတ်ပတ်လည်မှာ သားစိမ်းငါးစိမ်းသည် တွေကို နေရာချထားပေးပြီး ခုတ်ထစ်ရောင်းချနေတာ တွေ့ရတော့ တမျိုးပဲ။ တံခါးနားမှာ အာခါတိုင်းရင်းသူတစ်ယောက် ရိုးရာဝတ်စုံလေးနဲ့ လျှောက်နေတာ တွေ့လိုက်ရတော့ အမြန်ပြေးပြီး ဓါတ်ပုံရိုက်ရသေးတယ်။ ရှားရှားပါးပါး တွေ့ရတာဆိုတော့ လေ။ ဈေးတန်းကြီးကို အသွားအပြန် နှစ်ခေါက်လောက် လျှောက်ပြီးချိန်မှာ ကျွန်တော်နဲနဲတော့ စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်ထင်ထားတာက ဘေးပတ်ဝန်းကျင်ရွာက တိုင်းရင်းသား လူမျိုးစုလေးတွေ ရိုးရာဝတ်စုံလေးတွေ ဝတ်ပြီး ဈေးနေ့လာပြီး ရောင်းဝယ်ကြမယ်လို့ ထင်ထားတာဗျ။ ဓါတ်ပုံတွေ အားပါးတရ ရိုက်လိုက်မယ်လို့ စိတ်ကူးထားခဲ့တာ။ တိုင်းရင်းသားတွေ လာတော့ လာကြပါတယ်။ ရိုးရာဝတ်စုံတွေကိုတော့ တကူးတက ၀တ်မလာကြတော့ဘူး။ သူတို့အတွက်က ဒါတစ်နှစ်တစ်ခါ ပုံမှန်လုပ်နေကြဆိုပြီး ထူးထူးထွေထွေ ၀တ်မလာကြတာလည်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျိုင်းတုံမြို့ဆိုတာ ထူးခြားတဲ့မြို့လေးပါ။ ၁၃ရာစုလောက်ကနေ စပြီး ရှေးခေတ်အဆက်ဆက် စော်ဘွားတွေ အုပ်စိုးခဲ့တယ်။ ဒီမှာနေထိုင်တဲ့ ရှမ်းတွေက များသောအားဖြင့် ဂုံရှမ်း၊ လိရှမ်းတွေ များတယ်။ ဒီက ယဉ်ကျေးမှုတွေက ဇင်းမယ်ဘက်က ထိုင်းတွေနဲ့ တော်တော်များများ ဆက်စပ်နေတယ်ဗျ။ သူတို့သုံးတဲ့ စာတွေက ကျွန်တော်တို့ တောင်ပိုင်း၊ မြောက်ပိုင်းရှမ်းတွေနဲ့ မတူဘူး။ ထိုင်းနိုင်ငံမြောက်ပိုင်းက ဇင်းမယ်တို့ လာအိုနိုင်ငံတို့မှာသုံးတဲ့ အက္ခရာတွေနဲ့ သွားတူတယ်။ Lanna Scripts လို့ခေါ်တယ်။ ရပ်ကွက်တိုင်း ရွာတိုင်းလိုလိုမှာ ဘုန်းကြီးကျောင်းတွေ စေတီတွေ ရှိတယ်။ အင်္ဂလိပ်တွေ ရုံးစိုက်ခဲ့သေးတာကြောင့် ကိုလိုနီအဆောက်အဦးတွေ၊ Church ကျောင်းတွေလည်း ရှိတယ်။ တရုတ်တွေ၊ အစ္စလမ်ဘာသာဝင်တွေ ရောပေါ့။ ပိုထူးခြားတာက မြို့ရဲ့ပတ်ဝန်းကျင် ဘေးပတ်လည် တောင်ပေါ်ရွာတွေမှာ ၀၊ ပလောင်၊ လီဆူး၊ အာခါ၊ လားဟူ၊ အဲန်၊ တိုင်းလွယ် စတဲ့ ဘာသာစကားတွေ၊ အစားအသောက်၊ ရိုးရာဝတ်စုံတွေ မတူညီတဲ့ တိုင်းရင်းသား မျိုးနွယ်စုလေးတွေ ကိုယ့်အုပ်စုနဲ့ကိုယ် အေးအေးချမ်းချမ်း နေနေကြတာပါ။ ( ၁၉၅၁/၁၉၅၇ မှာကျိုင်းတုံကို ရောက်ခဲ့တဲ့ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ ကျိုင်းတုံနယ်မှာ တိုင်းရင်းသားလူမျိုးစုပေါင်း ၃၀ ကျော် နေထိုင်ကြတယ်လို့ မှတ်တမ်းတင်ခဲ့တယ်။ အများစုက ရှမ်းဆိုပေမယ့် ကွဲပြားခြားနားတာတွေ အများကြီးပဲ လို့ ဆိုပါတယ်။) ကျွန်တော်မှန်းတာ မမှားဘူးဆိုရင် ဒါမြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေ အများဆုံး စုပေါင်းနေထိုင်တဲ့ ဒေသလို့ ပြောနိုင်မယ် ထင်ပါတယ်။ ကမ္ဘာမှာလည်း တော်တော်ရှားပါလိမ့်မယ်။ ဒါကြောင့် ဒီဈေးနေ့မှာ အားလုံးကို စုံစုံညီညီတွေ့နိုင်ဖို့ မျှော်လင့်ခဲ့မိတာပါ။ ကျွန်တော်တော့ ဒီတစ်နှစ်နေမှတစ်ခါကျင်းပတဲ့ ၊ ဒီ သမိုင်းဝင်နေ့လေးကို ပွဲတော်နေ့ ပုံစံမျိုး ထူးထူးခြားခြား ကျင်းပစေချင်ပါတယ်ဗျ။ ဖွင့်ပွဲကိုလည်း အိုးစည်ဗုံမောင်းတွေတီးပြီး ဖွင့်စေချင်ပါတယ်။ ဈေးနေ့မရောက်ခင် တစ်ပတ်လောက်အလို ကတည်းက ကိုယ့်မြို့သူမြို့သားတွေကိုရော၊ ပတ်ဝန်းကျင်တောင်ပေါ်ရွာက တာဝန်ရှိသူတွေကိုဖိတ်ပြီး ဈေးနေ့မှာ ရွာသူရွာသားတွေကို ရိုးရာဝတ်စုံလေးတွေဝတ်ပြီး လာရောက် ရောင်းဝယ်ကြဖို့၊ လည်ပတ်ကြဖို့ ဖိတ်စေချင်ပါတယ်။ အမိန့်အာဏာနဲ့တော့ မဟုတ်ဘူး။ ချစ်ခင်လေးစားမှုနဲ့ပေါ့။ အဲလိုမျိုးဆိုရင်တော့ အားလုံးကလည်း ကျေကျေနပ်နပ်နဲ့ ပူးပေါင်းပါဝင်ကြမယ်လို့ ထင်ပါတယ်။ ဈေးနေ့မှာ လူငယ်တွေအတွက် ပညာပေးပြခန်းတွေ၊ ဗဟုသုတရစေမယ့် ပြခန်းတွေ ပါ ထည့်ဲ့သွင်းပြသပေးနိုင်ရင် ပိုကောင်းပါတယ်။ ရှမ်းကလည်း ရှမ်းဝတ်စုံ၊ ဗမာဆိုရင်လည်း ဗမာဝတ်စုံ၊ ကျန်တဲ့ တိုင်းရင်းသားတွေကလည်း မိမိတို့ရဲ့ရိုးရာဝတ်စုံတွေကို ဂုဏ်ယူစွာနဲ့ ၀တ်ဆင်ပြီးတော့ ဈေးနေ့မှာ လာရောက်လည်ပတ်ကြမယ်ဆိုရင်တော့ တော်တော့်ကို စည်စည်ကားကားနဲ့ မင်္ဂလာရှိပြီး ပျော်စရာကောင်းတဲ့ နေ့တစ်နေ့ ဖြစ်လာမှာပါ။ အဲဒီကနေမှ ဒီဈေးနေ့ဟာ လာပြီးကြည့်ကို ကြည့်ရမယ့် ပွဲတော်နေ့တစ်နေ့အဖြစ် ပြည်တွင်းရော ပြည်ပခရီးသွားတွေကိုပါ ဆွဲဆောင်နိုင်မှာပါ။ အခန့်မသင့်ရင် ကမ္ဘာတောင် ကျော်သွားနိုင်ပါတယ်။ ကျိုင်းတုံမြို့ရဲ့ ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ဖို့ အတွက်လည်း အများကြီး အထောက်အကူ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်လည်း တစ်ခေါက်လောက်တော့ ငယ်ငယ်တုန်းကလို အမေ့လက်ကို ဆွဲပြီးတော့ ပွဲဈေးတန်းထဲ လျှောက်လည်ချင်ပါသေးတယ်။ ရှမ်းဝတ်စုံလေးနဲ့ပေါ့။ စိုင်းခမ်းဟိန်း( ၁၁၊၉၊၂၀၁၅ ) ==================================================================== ကျိုင်းတုံစော်ဘွားဈေးနေ့ဖြစ်ပေါ်လာပုံသမိုင်း ---------------------------------------------------- ကျိုင်းတုံမြို့တွင် တစ်နှစ်လျှင် တစ်ရက် ''စော်ဘွားဈေးနေ့''အဖြစ် သတ်မှတ်ပြီး ခင်းကျင်းရောင်းချလေ့ ရှိကြပါသည်။ ထိုနေ့တွင် ကျိုင်းတုံမြို့မဈေးအား ပိတ်ထားပြီး ဈေးသည်များအားလုံး စော်ဘွားဈေးတွင် လာရောက် ရောင်းချကြပါသည်။ မြို့သူမြို့သားများ ဧည့်သည်များ သွားရောက်လည်ပတ်ပြီး ဈေးဝယ်ထွက်ကြသည်။ စော်ဘွားဈေးကို နံနက်(6:00)နာရီခန့်မှ နေ့လည်(12:00)ခန့်ထိ ရောင်းချပြီး (10:00)နာရီခန့်အချိန်သည် အစည်ကားဆုံးအချိန် ဖြစ်ပါသည်။ ''စော်ဘွားဈေးနေ့ ရက်ရွေးပုံ'' ---------------------------------------- စော်ဘွားဈေးနေ့ကို နှစ်စဉ်ကျင်းပရာတွင် ရက်ကောင်းရက်မြတ်ရွေးပြီး ကျင်းပခဲ့ကြသည်။ရက်ရွေးနည်းမှာ အောက်ပါအတိုင်း ဖြစ်သည်။ (၁)တပေါင်းလဆုတ်ရက်များ အတွင်းဖြစ် ရမည်။ (၂)''စုံ'' ရက်မယူဘဲ ''မ''ရက်ကို ရွေးရမည်။ (၃)ထိုရက်များထဲမှ တနင်္လာ အင်္ဂါ ကြာသပတေး စနေ စသည့် ရက်များကို ရွေးရမည်။ (၄) ကျိုင်းတုံမြို့နယ် ကတ်တောင်ကျေးရွာ၏ ဈေးနေ့ဖြစ်သော''ကတ်တောင်ဈေးနေ့လည်း ဖြစ်ရမည်။(ကတ်တောင်ဈေးနေ့သည် (၅)ရက်တစ်ပတ် ဈေး ဖြစ်ပါသည်) စော်ဘွားဈေးနေ့နှင့် ပတ်သက်သော အယူအဆမှာ ဈေးနေ့တွင် လာရောက်သူအားလုံးတို့သည် ကောင်းသော မင်္ဂလာနှင့်ပြည့်စုံသည်။ စော်ဘွားဈေးနေ့တွင် ရောင်းချသော ပစ္စည်းများကို ဝယ်ယူပါက စီးပွါးရေး ကျန်းမာရေး ကောင်းမွန်သည် ဟု ယူဆကြပါသည်။ ယူဆသည့်အတိုင်း ကလေးငယ်မှစ၍ သက်ကြီးရွယ်အိုများအထိ စော်ဘွားဈေးတွင် လာရောက်ဝယ်ယူကြပါသည်။ စော်ဘွားဈေးပေါ်ပေါက်လာပုံ -------------------------------------------- စော်ဘွားဈေးပေါ်ပေါက်လာပုံသမိုင်းမှာ သက္ကရာဇ် (၇၃၀)ခုနှစ် အေဒီ(၁၃၆၈)ခုနှစ် စော်ဘွား စောဝ်ကျစ်ပ်ပန်းတူ (ခ)စောဝ်သတ္တဗန္တုရာဇာ လက်ထက်တော်တွင် ယခုအောင်မြေနတ်နန်း ပုရဝုဏ်နေရာသည် ''စော်ဘွားဈေး''ဖြစ်သည်။၎င်းနယ်မြေကို ''အောင်မြေ''ဟု သတ်မှတ်ထားပြီး ကျိုင်းတုံစော်ဘွား ခေတ်အဆက်ဆက် ခရီးထွက်လျှင် သော်လည်ကောင်း ၊ စစ်ထွက်လျှင် သော်လည်းကောင်း ၊ ၎င်းဈေးနယ်မြေတွင်(၂)ည(၃)ည အိပ်ပြီးမှ မှူးမတ်စစ်သည်တော်များကို ရာထူးချီးမြှင့်ပေးခြင်း လက်နက်များစုဆောင်းခြင်း လူအင်အား စုဆောင်းခြင်းများ ပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲများ ကျင်းပပြီးမှ ထွက်ခွါလေ့ ရှိကြပါသည်။ တစ်နေ့တွင် စော်ဘွား စောဝ်သတ္တဗန္တုရာဇာက မှူးမတ်ဗိုလ်ပါများကို ရာထူးချီးမြင့်ပေးရာ စော်ဘွားအထိန်းတော် တရုတ်လူမျိုး ဦးလောရောင်ကို ရာထူးအကြီး မပေးပဲ ''မိုင်းကိုင်'' ''မိုင်းငွမ်း'' မြို့လေးကို မြို့စားအဖြစ် ခန့်အပ်ပါသည်။ ဤသည်ကို ဦးလောရောင်က မကျေနပ်ပဲ ၊ သူ၏ အရှင်သခင် စော်ဘွားကို ဓါးဖြင့်ထိုးသတ် လုပ်ကြံလေသည်။ မှူးမတ်များကလည်း ဦးလောရောင်ကို ပြန်၍ ကွပ်မျက်လိုက်ပါသည်။ သို့ဖြစ်ပါ၍ စော်ဘွားစောဝ်သတ္တဗန္တုရာဇာ နှင့် ဦးလောရောင်ကိုရည်စူး၍ နတ်နန်းတစ်ခု တည်ဆောက်ပြီး နှစ်စဉ်ပူဇော်ခဲ့ရာ ယနေ့ထိတိုင် ဖြစ်ပါသည်။၎င်းဈေးကြီးကိုလည်း ယခုလက်ရှိ မြို့မဈေးနေရာသို့ ပြောင်းရွှေ့ခဲ့ပါသည်။ စော်ဘွားဈေးကို နှစ်စဉ် လွိုင်မွေလမ်းတွင် စော်ဘွားခေတ် အဆက်ဆက် အုတ်ဂူ ရှိရာ ကျိန်းကျန် ဈေးတန်းကြီးလမ်း တာယောလမ်း ပါလျံတံခါး လမ်းဆုံ ထိုမှတစ်ဆင့် ကျိန်းလန်း လမ်းအကွေ့အထိ ခင်းကျင်းရောင်းချကြပါသည်။အောင်မြေနတ်နန်း ပရဝုဏ်အတွင်းမှ နတ်စင်တွင် ဖယောင်းတိုင်များ အမွှေးတိုင်များ လာရောက် ပူဇော်ကြသည့်အပြင် စော်ဘွားကြီး အုတ်ဂူများပါ လာရောက်ကန်တော့ကြပါသည်။ စော်ဘွားဈေးနေ့တွင် ဈေးသည်များထံမှ မြို့မိမြို့ဖများမှ ဖလားဖြင့် အလှူငွေကောက်ခံပြီး စော်ဘွားကြီးအား ရည်စူး၍ အလှူတန်းများ ပြုလုပ်ပေးကြကြောင်း လေ့လာတွေ့ ရှိရပါသည်။''စော်ဘွားဈေး''နေ့ သည် ကျိုင်းတုံမြို့၏ ထူးခြားချက်တစ်ခုအဖြစ် ပြည်တွင်းပြည်ပ ဧည့်သည်များလည်း စိတ်ဝင်စားမူရှိကြောင်း အများဗဟုသုတအဖြစ် လေ့လာသိရှိနိုင်စေရန် ကျွန်တော် မောင်ကျော်ရဲမြင့်အောင်(ခ)စိုင်းလုံ မှ ခေမရဌ်မဂ္ဂဇင်းဆောင်းပါးမှ မသီတာ(ရှေး/သု)ဆောင်းပါးတစ်ပုဒ်မှ ကိုးကား ဖေါ်ပြ ပေးလိုက်ရပါသည်။ ==================================================================== ကျိုင်းတုံစော်ဘွားကြီး အမှတ်တရ စော်ဘွားဈေးနေ့ စော်ဘွားကြီး စ၀်ကွဏ်းကျောက် ကောဇာသကရာဇ် ၆၀၅ AD -1243 မှစ၍ ကောဇာ သက္ကရာဇ် ၁၃၂၄ ခုနှစ် AD – 1962 အထိ အုပ်ချုပ်ခဲ့သော စော်ဘွား ဦးရေမှာ စုစုပေါင်း (၄၉)ပါးရှိသည်။ ဂုံသျှမ်း စာပေ ယဉ်ကျေး မှာ ရှေးယခင် ကပင် ရှိခဲ့သည်။ ဂုံသျှမ်း စာပေများသည် အိန္ဒိယ ပြည်သုံး Brahmi နှင့် Sunskit အက္ခရာတို့ မှ တဆင့် ပလ္လ၀ အက္ခရာ အဖြစ်အသုံးပြုပြီး ခမင် (ခ) ခမာ လူမျိုးများမှ တဆင့် ထိုင်းနိုင်ငံ လာအို ၊ဇင်းမယ် ၊ကျိုင်းတုံတို့ မှတဆင့် ဆစ်ဆောင်ပန်နား အထိ အသုံးပြုခဲ့ကြသည်။ 9 November 1991 ရက်နေ့က သျှမ်းပြည် အရှေ့ပိုင်း ကိန်းတုန်မြို့တော် သမိုင်းအမွေ အနှစ်ဖြစ်သည့် စော်ဘွား ဟော်နန်းကြီးကို န၀တ စစ်အုပ်စုက ဖြိုခွဲဖျက်ဆီးခဲ့သည်။ 1887 ခုနှစ်တွင် သျှမ်းပြည်တ၀ှမ်းလုံးကို အစောင့်ရှောက်ခံနိုင်ငံ (Protectorate State) အဖြစ် အင်္ဂလိပ်တို့ လာရောက် သတ်မှတ်ခြင်း မပြုမှီ 19ရာစု နှောင်းပိုင်းမှစ၍ 1880 ကျော်အထိ သီးခြားလွတ်လပ်သော နယ်ပယ်တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ ကိန်းတုန်(ကျိုင်းတုံ) စော်ဘွားကြီး- Kawn Kiao Intaleng စ၀်ကွဏ်းကျောက် အင်းတလဲန်း 1903 ခုနှစ် အိန္ဒိယနိုင်ငံသို့ ကြွမြန်းလည်ပတ်ပြီးအပြန် 1905 ခုနှစ်တွင် ဟော်နန်းကြီးကို တည်ဆောက်ခဲ့၏ ။ အနောက်တိုင်း ပုံစံအဖြစ် အိန္ဒိယမှ ဗိသုကာများ ခေါ်ယူ ဆောက်လုပ်စေခဲ့ခြင်းဖြစ်သည်။ ကိန်းတုန်(ကျိုင်းတုံ)နယ် အကျယ်ဝန်းမှာဖြင့် 12000- စတုရန်းမိုင်ရှိ၏။ ကိန်းတုန် နယ်ပယ်တစ်ဝှမ်းလုံး ပြည်သူ များ၏ စိတ်အား၊ လူအား၊ငွေအား၊ ပစ္စည်းအားတို့ဖြင့် တည်ဆောက်ခဲ့ ကြခြင်း ဖြစ်သည်။ သူ့ခေတ်သူ့အခါ အလိုက် ကိုယ့်ထီး ကိုယ့်နန်း ကိုယ်ကြငှန်းနှင့် စော်ဘွားများ တရားသဖြင့် အုပ်စိုးခဲ့စဉ်က- အဆိုပါဟော်နန်း အတွင်းရှိ ရာဇပလ္လင်ပေါ်၌ စော်ဘွား (စ၀်ဖှါ့) နှင့် မဟာဒေ၀ီ (နန်းဖှါ့)တို့ မင်းမြောက်တန်ဆာ များဝတ်ဆင်၊ ရွှေသဖူဆောင်း ထိုင်လျောင်းရင်း ဒေါင်းမြီး ယပ်တောင်ယပ်၊ အောင်စည်တော် တီးခတ်ပြီး မြို့စားနယ်စားတို့၏ ဂါဝရပြုကန်တော့ပွဲ ညီလာခံသဘင် နှစ်စဉ်ကျင်းပမြဲဖြစ်သည်။ ယင်း အဆောက်အဦးသည် ကျယ်ပြောလှသော ခရိုင်တခုလုံး၏ အုပ်ချုပ်ရေးဌာန တစ်ခု ဖြစ်သကဲ့သို့ စော်ဘွား၏ ဇနီး (6)ယောက်၊ သားသမီး (19) ဦးနှင့် အတူနေထိုင်ခဲ့သော အိမ်တော်ယာလည်း ဖြစ်ခဲ့သည် ဟု ချင်းမိုင်အခြေစိုက် သက်တော် 90 ကျော်ရှိ စ၀်ကွဏ်းကျောက်၏ 19 ယောက်မြောက် သမီးတော်က ပြန်ပြောင်း ပြောပြခဲ့သည်။ သူ၏ မြေးတော်သူ မင်းသား စ၀်စိုင်းလုံ (Sao Sai Long) သည် သျှမ်းပြည်နယ် အစိုးရထံသို့ ဟော်နန်းကို မလွှဲပြောင်းပေးခင် ၁၉၅၉ ခုနှစ် အထိ ဟော်နန်း၏ နောက်ဆုံးပိုင်ရှင် ဖြစ်ခဲ့သည်။ အဆိုပါဟော်နန်းကို စိုးစံသွားခဲ့သူ နောက်ဆုံးစော်ဘွားမှာ 1962 ခုနှစ် ဦးနေ၀င်းဦးဆောင်သော စစ်တပ်မှ အာဏာသိမ်းတော့၊ နိုင်ငံရေး သမားများ၊ သျှမ်းပြည် စော်ဘွားနှင့် ခေါင်းဆောင်များ အစုလိုက် အဖမ်းခံရစဉ် စော်ဘွားကြီး စ၀်စိုင်းလုံ (ကွယ်လွန်) နှင့် သူ၏ အကိုဖြစ်သူအား အများနည်းတူ အင်းစိန်တွင် 6 နှစ်ထောင်နန်းစံခဲ့ရသူ ဖြစ်သည်။ ၎င်းပြန်လွတ်လာသောအခါ၌ ကိန်းတုန်တွင် နေထိုင် ခွင့်မပြုတော့ပေ၊ ထိုအချိန်မှစ၍ အာဏာရှင် အစိုးရ အဆက်ဆက်က ၎င်းတို့၏ ဌာနပေါင်းစုံ အုပ်ချုပ်ရေး ယန္တရားရုံး အဖြစ် ဟော်နန်းကြီးကို တလျှောက် လုံး မောင်ပိုင် စီးလာ ခဲ့ကြသည်။ ဟော်နန်းကြီး ဖြိုချပစ်ခါနီး၌ ကိန်းတုန်တမြို့လုံးရှိ ထေကြီးဝါကြီး သံဃာတော်များနှင့် မြို့မိမြို့ဖများက နအဖ အာဏာပိုင်များထံ အတန်တန် တောင်းပန် ဟန့်တား ခဲ့ကြသော်လည်း ဘာမျှအရာမထင် ရန်ကုန်စစ်ရုံးချုပ်က 9 November 1991 ရက်နေ့တွင် စတင်ဖြိုဖျက်ပစ်ရန် တိုက်ရိုက်ညွန်ကြားလာသည် ဟု ထိုစဉ်က ဗိုလ်မှူးကြီး ကျော်ဝင်းက ဆင်ခြေပေးပြီး ဟော်နန်းကြီး ဟောင်းနွမ်းအိုမင်း ဆွေးမြေ့လှပြီ ဟုလည်း ပြန်ပြောလိုက်၏ ။ အမှန်မှာ လုံးဝကောင်းမွန် ခိုင်ခံ့နေသေးသည်။ ဗမာပြည်မှ ဆင့်ခေါ် လာသော ဗမာအလုပ်သမားများနှင့် ကိန်းတုန်ထောင်ကျ အကျဉ်းသမားများဖြင့် ဟော်နန်းကြီးကို ထုခွဲဖြိုချခဲ့ကြသည်။ ဒေသခံလူထုများ အနားကပ်မကြည့်ရှုနိုင်စေရန် လေးဘက်လေးတန် အမိုးအကာများဖြင့် အစောင့်စစ်သားများ ချထားကာ တစ်လနီးပါး ကြာမြင့်သည်အထိ ထုခွဲဖြိုဖျက်ရှင်းလင်းပြီး ကျောက်၊ သဲ ကွန်ကရစ် အစအနများကို မြို့အ၀င် လေးဘက်လေးတန်ကားလမ်း များဆီသို့ သွားရောက်သွန်ချ ဖို့ခင်းပြီး သစ်တုံး၊ သစ်လုံးများကိုမှု မြို့အ၀င်တံတာများ ပြုလုပ်စေခဲသည်၊ ခြေထောက်ကို လူ့ ခန္ဓာကိုယ်၏ အနိမ့်ကျဆုံးအပိုင်းဟု ယူဆသတ်မှတ်ထားသော ယဉ်ကျေးမှုတခုတွင် ယခုကဲ့သို့ သမိုင်းဝင် အဆာက်အအုံ တခု၏ အပိုင်းအစများအား လူအများခြေချရာ နေရောအောက်သို့ ထားရှိလိုက်ခြင်းက သျှမ်းလူမျိုးများ တန်ဘိုး ထားသည့် သမိုင်းအမွေအနှစ်ကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ ဌာနေတိုင်းရင်းသားတို့၏ သမိုင်းအစစ်၊ ယဉ်ကျေးမှုအမွေ အနှစ်များ သင်္ကေတ အမှတ်အသားမှန်သမျှ ဆိတ်သုဉ်းပျောက်ပျက်စေရန် န၀တ ၊ နအဖ၊ တို့ တမင်တကာဖျောက်ဖျက်ပစ်လိုက်သည်ဟု ဒေသခံပြည်သူများ ယုံကြည်ကြသည်။ အားမတန်မာန်လျှော့နေကြရသဖြင့် ရုပ်ဝတ္ထုအချင်းအရာများကို ဗမာစစ်အာဏာပိုင်တို့ ဖျက်ဆီးနိုင်သော်လည်း ကျိုင်းတုံသားပြည်သူများ၏ မျိုးချစ်ပြည်ချစ်စိတ်ဓါတ်နှင့် မျှော်မှန်းချက်ကိုမှု ဘယ်သောအခါမျှ ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ဟု ခံယူအားခဲထားသူများ ဒုနှင့်ဒေး ရှိနေပါသည်။ 1994 ခုနှစ်တွင် မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ဟော်နန်းနေရာဟောင်းတွင် ကျိုင်းတုံဟိုတယ်ဟု အမည်ပေးကာ ခေတ်မှီဟော်တယ် တခုကို စတင်ဆောက်ခဲ့သည်။ 1996 ခုနှစ်တွင် အပြီးသတ် တည်ဆောက်ခဲ့ပြီး ကုန်ကျစရိတ်ငွေ သန်း- 500 ကုန်ကျခဲ့သည် ။ (အချို့ကို ဆင်ဆာဖြတ်ခဲ့ပါသည်) Credit : ကျားပေါက်
1 Comment
|
Keng TongKeng Tong view and everything from Keng Tong my native town. Let us make a better place and keep all of us together from everywhere else of the world. Categories
All
Archives
October 2019
|